Tuesday, April 30, 2013

စိန်ဂျိုးဇက် အလုပ်သမားနေ့။

မေလ ၁ရက်နေ့၊ ၂၀၁၃။

စိန်ဂျိုးဇက်သည်  ကညာစင် မာရိယာနှင့် စေ့စပ်ကြောင်းလှမ်းထားသူ၊ မမျှော်လင့်ဘဲ သန့်ရှင်းသော ၀ိညာဉ်တော်ဖြင့် ထိုကညာစင် မာရိယာသည် ပိသန္ဓေရှိနေကြောင်း သိရသောအခါ ဂုဏ်သိက္ခာကို ထိန်းကာ မသိမသာကွာရှင်းမည်ဟု ဆုံးဖြတ်ထားပြီးမှ ကောင်းကင်တမန်၏စကားကြောင့် ဖြစ်ရပ်မှန်ကို သိ၍ သူမအား ဖြူစင်စွာ စောင့်ရှောက်ရင်း သူ့ဘ၀ကို ဘုရားသခင်ထံမှာ ဆက်ကပ်သွားဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ ထိုကြောင့် သူဟာ မာရိယာ၏ခင်ပွန်းဟု ဆိုနိုင်ပါတယ်။ သူ့ဘ၀တလျှောက် အိမ်ထောင်ဦးစီး တာဝန်ယူပြီး မာရိယာနှင့် မွေးဖွားခြင်းခံ ဘုရား၏ သားတော် ယေဇူးအား စောင့်ရှောက်ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်။ 

ဟေရုဒ်မင်းကြီးဟာ သူငယ်တော်ကို ကွက်မျက်ဖို့အတွက် အသက် နှစ်နှစ်အောက်ကလေးငယ်များကို သတ်ခဲ့သည့်အချိန်တွင်လည်း ဂျိုးဇက်ဟာ မာရိယာနှင့်သူငယ်တော်ကို ညတွင်းချင်း အီဂျစ်ပြည်သို့ ခေါ်ပြေးကယ်ထုတ်ခဲ့ပါတယ်။ ထိုနောက် ဟေရုဒ်မင်းကြီး နတ်ရွာစံမှ ဂျူဒေယာပြည်ကို ပြန်လာခဲ့ပြီး နာဇရက်မြို့မှာ မိသားစုဘ၀ကို အေးအေးချမ်းချမ်း စောင့်ရှောက်လုပ်ကြွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီမှာ သူဟာ လက်သမားဂျိုးဇက်ဟူ၍ အမည်တွင်လာခဲ့ပါတယ်။ 

၁၉ရာစုအတွင်း ဆိုရှယ်လစ်လှုပ်ရှားမှု့များနှင့် ကွန်မြူနစ်လှုပ်ရှားမှု့တို့အားဖြင့် မေလ တစ်ရက်နေ့အား အလုပ်သမားနေ့အဖြစ် ပြုလုပ်ကျင်းပခြင်းအား တုန့်ပြန်သောအားဖြင့် ၁၉၅၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပီဦး (၁၂)မှ စိန်ဂျိုးဇက် အလုပ်သမားကြီးပွဲနေ့ကို မေလ တစ်ရက်နေ့သို့ ပြောင်းလဲကျင်းပစေခဲ့ပါတယ်။ သို့ဖြစ်၍ အလုပ်သမားတို့၏ စံနမူနာကောင်းကို ပြသနိုင်ရန်ဖြစ်ပါတယ်။ အမှန်တော့ စိန်ဂျိုးဇက်အား အလုပ်သမားများ၏ စံနမူနာအဖြစ် အသင်းတော်အတွင်းမှာ ဥပမာပေး သွန်သင်ထားတာတွေဟာ ရှေးအစဉ်အဆက်ကပင် ဖြစ်ပါတယ်။ အသင်းတော်၏သွန်သင်ချက်တွင် စိန်ဂျိုးဇက်ဟာ အလွန်နှိမ့်ချတတ်ပြီး အလုပ်ကို ကြိုးစားလုပ်သူ၊ မာရိယာနှင့် သူငယ်တော်အား မေတ္တာကြီးကြီးဖြင့် စောင့်ရှောက်လုပ်ကြွေးခဲ့သူဖြစ်ပြီး သစ္စာတရားကြီးမားသူလည်း ဖြစ်ပါတယ်။ 

စိန်ဂျိုးဇက်ဟာ သူ၏လက်သမားအလုပ်ဆိုင်လေးမှာ ရိုးရိုးသားသား၊ စိတ်ရှည်ရှည်နဲ့ ပျော်ရွှင်စွာ အလုပ်ကို သစ္စာရှိရှိလုပ်ဆောင်သူဖြစ်ပါတယ်။ စိန်ဂျိုးဇက်၏ လက်သမားဆိုင်လေးသည် နာဇရက်မြို့မှာတော့ နာမည်တွင်လှပါတယ်။ ထိုကြောင့် ယေဇူးခရစ်တော်သည် သူ၏ဇာတိနယ်မှာ တရားဟောသောအခါ လူတွေက တအံ့တသြဖြစ်ပြီး ဒီလူဟာ လက်သမားဆရာဂျိုးဇက်၏သားမဟုတ်လားဟု ဆိုကြပါတယ်။ မည်သည့်အလုပ်မဆို၊ မည်မျှသေးငယ်သည့်အလုပ်ဖြစ်စေ၊ ကြီးမားသည့် အလုပ်ဖြစ်စေ ကျွန်ုပ်တို့ တတွေဟာ စိန်ဂျိုးဇက်ကဲ့သို့ အလုပ်အပေါ်မှာ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်ဖို့လိုအပ်ပါတယ်။ ထိုကြောင့်လည်း အသင်းတော်ဟာ စိန်ဂျိုးဇက်အား အလုပ်သမားများ၏ စံပြနှင့် ကာကွယ် စောင့်ရှောက်သူအဖြစ် ကြေငြာပေးပြီး တနည်းတဖုံ အသင်းတော်၏သွန်သင်ချက်အား ထင်ဟပ်စေပါတယ်။ 

No comments:

Post a Comment