Friday, September 20, 2013

သံမာတေဦး (ကျမ်းရေးပုဂ္ဂိုလ်နှင့် တမန်တော်ကြီး)

 
မာတေဦးသည် မရိုးမဖြောင့်သည့်အပြင် လောဘတို့ဖြင့်ပြည့်နေသည့် အခွန်ခံတစ်ဦးဖြစ်ခဲ့ပြီး ခရစ်တော်နှင့်တွေ့ချိန်၊ ခရစ်တော်၏ရွေးကောက်ခြင်းခံခဲ့ရပြီး တပည့်တော်ကြီး ၁၂ပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်လာခဲ့သူဖြစ်ပါတယ်။

မာတေဦးကိုစသိရတာတော့ ကာဖာနာအုန်မြို့၏အခွန်ရုံးတွင် လယ်သမားများ၊ ကုန်သည်များနှင့် ကူလီလှည်းသမားများထံမှ သယ်ဆောင်လာသည့်သွင်းကုန်ပစ္စည်းများ၏အခွန်ကို ကောက်ခံသိမ်းစည်းရတဲ့ တာဝန်ကိုထမ်းဆောင်ရပါတယ်။ ရောမအင်ပါယာ၏အုပ်ချုပ်မှု့စနစ်အောက်တွင် မာတေဦးသည် အခွန်အတွက် ကျသင့်ငွေများကို ကြိုတင်ပေးထားရပြီးမှ သူ့အတွက် အမြတ်အကျန်ဖြင့် အခြားမြို့သူမြို့သားများနှင့် ခရီးသွားများထံမှ ပြန်လည်ကောက်ခံပါတယ်။

ထိုကြောင့် အခွန်ခံသူတွေဟာ မိမိတို့လူမျိုးအချင်းချင်းအပေါ်မှ အကျိုးအမြတ် များများစားသည့်အတွက် လူ့အသိုင်းအ၀ိုင်းမှာတော့ အကျင့်ပျက်ချစားနေသူများအဖြစ် နာမည်ဆိုးတွင်သူတွေဖြစ်ပါတယ်။ အပြစ်ရှိသူများအဖြစ် လူတွေက သူတို့ကိုမြင်ကြတယ်။ မာတွေဦးဟာလည်း ထိုသူများထဲက တစ်ဦးပါပဲ။

မာကုကျမ်းနှင့် လုကာကျမ်းမှာတော့ မာတေဦးကို လေ၀ိအဖြစ်ခေါ်ဆိုထားပါတယ်။ လေ၀ိဆိုတာ အီစရာအဲလ်လူမျိုး ၁၂ မျိုးထဲက ရဟန်းမျိုးဖြစ်ပါတယ်။ မာတေဦးဟူသော အမည်၏အဓိပ္ပာယ်မှာ ဘုရားသခင်၏လက်ဆောင်တော်ဟူ အဓိပ္ပာယ်ရပါတယ်။

ခရစ်တော်သခင်သည် ထိုအခွန်ခံ မာတေဦးအား သူ၏နောက်လိုက်တပည့်တော်ကြီးအဖြစ် ခေါ်သောအခါ မာတေဦးသည် သူ၏အိမ်၌နှုတ်ဆက်ပွဲအကြီးအကျယ်ကျင်းပကြောင်း မာတေဦးကိုယ်တိုင်ရေးကျမ်း၌ မှတ်တမ်းတင်ထားပါတယ်။ ထိုပွဲတွင် ခရစ်တော်လည်းပါဝင်၍ အခွန်ခံ၏မိတ်ဆွေအပေါင်းအသင်းများနှင့် အတူတူစားပွဲမှာထိုင်၍ ဖာရိရှဲယ်တို့ ရဟန်းအကြီးအကဲတို့၏ အပြစ်တင်ခြင်းကိုခံခဲ့ရပါသေးတယ်

မာတေဦးကတော့ ခရစ်တော်၏ခေါ်တော်မူခြင်းနှင့်ရွေးကောက်ခြင်းခံခဲ့ရပြီးနောက်တွင် အခွန်များကို စုစည်းကောက်ခံသူမဟုတ်တော့ဘဲ ကောင်းကင်နိုင်ငံတော်အတွက် ၀ိညာဉ်များကို စုစည်းသည့် ၀ိညာဉ်ရေးလမ်းပြကြီးတစ်ဦးဖြစ်လာခဲ့ပါတော့တယ်။

အပြစ်သားဟု ဆိုသော်လည်း ခရစ်တော်အတွက်မူ ရွေးကောက်နိုင်စွမ်းရှိပါတယ်။ ကျန်းမာသူသည် ဆေးဆရာကို မလိုသော်လည်း၊ ဖြောင့်မတ်သောသူတို့ကို ခေါ်ရန်လာသည်မဟုတ်သော်လည်း . . .ခရစ်တော်ကြွလာသည်မှာ - အပြစ်ရှိသူတို့ကိုကယ်တင်ရန်နှင့်ခေါ်ရန် ကြွလာတော်မူခဲ့လေ၏။ မာတေဦးသည်လည်း အပြစ်တို့ခွင့်လွှတ်ခြင်းခံရသည့်တိုင် ခရစ်တော်အတွက် ပေးဆပ်သွားသည်ကာ အတုယူဖွယ်ဖြစ်ပေတည်း။
မနောအောင်

Friday, June 28, 2013

သံပေတရူးနှင့် သံပေါလူး ပွဲနေ့။



အစောဆုံး အေဒီ ၂၅၈ခုနှစ်ဆီသို့ ပြန်လှည့်ကြည့်မိသောအခါ ရှေးဦးခရစ်ယာန်များသည် သံပေတရူးနှင့် သံပေါလူးပွဲနေ့အား တနေ့တည်းမှာ အတူတူပူးတွဲကျင်းပလေ့ရှိသည်ကို တွေ့ရပါတယ်။ ထိုတမန်တော်ကြီး နှစ်ပါးဟာ ရောမမြို့အသင်းတော် (သို့မဟုတ်) သန့်ရှင်းသောဌာနကြီးကို ၎င်းတို့၏ ဟောပြောခြင်း၊ အမှု့တော်ဆောင်ခြင်းနှင့် ဓမ္မအာဇာနည်အဖြစ် ပေးဆပ်ခြင်းတို့ဖြင့် အတူတကွ တည်ထောင်ပေးခဲ့ကြသူများ ဖြစ်ပါတယ်။


ပီတာဆိုသူမှာ သူ၏မူလနာမည်အရင်းမှာ စီမွန်၊ ဂါလိလိယားဒေသက တံငါသည်တစ်ဦးဖြစ်ပြီး သခင်ခရစ်တော်ကို သူ၏အစ်ကို အန်ဒရူး၏မိတ်ဆက်ပေးခြင်းဖြင့် သိခွင့်ရခဲ့သလို နောက်တော်သို့လည်း လိုက်ပါခွင့်ရခဲ့ပါတယ်။ သူဟာ စိတ်ဆပ်သူတစ်ဦးဖြစ်ပြီး တပည့်တော်ကြီးများထဲတွင် သူဟာ စကားပြောနိုင်သူ ဟုသတ်မှတ်ရပေတော့မယ်။ သို့သော်လည်း ၀ိညာဉ်တော်ဘုရား၏ လှုံ့ဆော်မှု့ဖြင့် သူဟာ ယေဇူးသခင်အား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ခရစ်တော်ပါဟု ဖွင့်ဟ၀န်ခံနိုင်ခဲ့သူဖြစ်ပါတယ်။ ထိုကြောင့်လည်း ခရစ်တော်က သူ့အား ပေတရူးဟုအမည်ပေးခဲ့ပါတယ်။ ပေတရူးဆိုသည်မှာ ကျောက်ဆောင်ဟု အဓိပာယ်ရ၍ ထိုကျောက်ဆောင်ပေါ်မှာ ခရစ်တော်သည် သူ၏အသင်းတော်ကို တည်ဆောက်မည်ဟု ကြွေးကြော် ခန့်အပ်ခဲ့ပါတယ်။ 

လူသားအဖြစ်မို့ ကျရှုံးတတ်သည့် ပီတာ၏ဖြစ်ရပ်များမှာလည်း မကြာခဏဆိုသလို ကျမ်းစာတော်မြတ်တွင် ဖော်ပြနေပါတယ်။ အဆိုးဆုံးကတော့ မိမိသခင် ခရစ်တော်ကို အာဏာသားတို့ဖမ်းစီးချိန် ကိုယ်တော်ဘက်မှ ရပ်တည်ရမည့်အစား ကိုယ်တော့်အား သုံးကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့တာပါပဲ။ သို့ပင်သော်လည်း သူ၏နောင်တ တရားတို့မှာ အတုယူဖွယ်ရာဖြစ်ပါတယ်။ ထိုကြောင့်လည်း ကိုယ်တော်၏ သိုးတွေကို စောင့်ရှောက်ဖို့ အပ်နှင်းခံခဲ့ရပါတယ်။ ပီတာဟာ ခရစ်တော်၏အသင်းတော်တစ်ခုလုံးကို စောင့်ရှောက်ထိန်းသိမ်းရမည့် ခန့်အပ်ခံသိုးထိန်းဖြစ်ပါတယ်။
သံပေတရူးဟာ အေဒီ ၆၄ခန့်တွင် ယုံကြည်ခြင်းအတွက် ကွက်မျက်ခံခဲ့ရပြီး ၎င်း၏ခန္တာကို ရောမမြို့ရှိ တောင်ကုန်းလေးမှာ မြုပ်နှံခဲ့ပါတယ်။ ထိုနေရာဟာ ယနေ့စိန်ပီတာဘာစီလီကာကျောင်းကြီး တည်နေရာပင်ဖြစ်ပါတယ်။

သံပေါလူးအကြောင်းကတော့ အလွန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ သူဟာ ခရစ်တော် လူ့ဘ၀မှာ အသက်ရှိနေထိုင်စဉ်အတွင်း နောက်တော်သို့လိုက်ခဲ့သူမဟုတ်ပါ။ ထို့အပြင် သူက ပထမဦးဆုံးသော ခရစ်ယာန်ဆိုသည့်သူများကို လိုက်လံညှင်းဆဲသည့်နေရာမှာ ဦးဆောင်ဦးရွက်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သူပါ။ သူ့နာမည်က စောလူးပါ။ သို့သော်လည်း ဒါမတ်စကူးမြို့မှာ ခရစ်ယာန်များရှိသည်ဆိုသည့် သတင်းအရ သွားရောက်ညှင်းဆဲ ကွက်မျက်ရန် အသွားလမ်းမှာ ရူပါရုံဖြင့် ခရစ်တော်ကိုတွေ့မြင်ခဲ့ရပြီး မျက်စိအလင်းကွယ်ခဲ့ရတယ်။ သို့သော်လည်း သူဟာ အလင်းကိုတွေ့ရှိခွင့်ရခဲ့တယ်။ သူပြောင်းလဲလာခဲ့တယ်။ ထိုနောက် ခရစ်တော်၏နောက်ကို အခြားတမန်တော်ကြီးများထက် မလျော့သောစိတ်ဖြင့် လိုက်ခဲ့တယ်။ ခရစ်တော်အတွက် သူ့သစ္စာတရားနှင့် ယုံကြည်ခြင်းက ကြီးမားလွန်းပါတယ်။သူရဲ့မနားမနေ ဟောပြောမှု့တွေဖြင့် ခရစ်တော်ကို အဆတိုးကာ သက်သေခံခဲ့ပါတယ်။ နောက်ဆုံးသူဟာ လူမျိုးခြားတို့၏တမန်တော်ကြီးဟုပင် အမည်တွင်ခဲ့ရပါတယ်။
သံပေါလူးကို ဖမ်းစီး၍ ရောမမြို့သို့ပို့ကာ ရောမနိုင်ငံသားတစ်ဦးဖြစ်သည့်အလျောက် သူဟာ အေဒီ ၆၇ခုနှစ်တွင် ခေါင်းဖြတ်ကွက်မျက်ခံရ၍ ဓမ္မအာဇာနည်ဘွဲ့ကို ရဲရဲဝံ့ဝံ့ခံယူခဲ့ပါတယ်။

မနောအောင်

Tuesday, April 30, 2013

စိန်ဂျိုးဇက် အလုပ်သမားနေ့။

မေလ ၁ရက်နေ့၊ ၂၀၁၃။

စိန်ဂျိုးဇက်သည်  ကညာစင် မာရိယာနှင့် စေ့စပ်ကြောင်းလှမ်းထားသူ၊ မမျှော်လင့်ဘဲ သန့်ရှင်းသော ၀ိညာဉ်တော်ဖြင့် ထိုကညာစင် မာရိယာသည် ပိသန္ဓေရှိနေကြောင်း သိရသောအခါ ဂုဏ်သိက္ခာကို ထိန်းကာ မသိမသာကွာရှင်းမည်ဟု ဆုံးဖြတ်ထားပြီးမှ ကောင်းကင်တမန်၏စကားကြောင့် ဖြစ်ရပ်မှန်ကို သိ၍ သူမအား ဖြူစင်စွာ စောင့်ရှောက်ရင်း သူ့ဘ၀ကို ဘုရားသခင်ထံမှာ ဆက်ကပ်သွားဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ ထိုကြောင့် သူဟာ မာရိယာ၏ခင်ပွန်းဟု ဆိုနိုင်ပါတယ်။ သူ့ဘ၀တလျှောက် အိမ်ထောင်ဦးစီး တာဝန်ယူပြီး မာရိယာနှင့် မွေးဖွားခြင်းခံ ဘုရား၏ သားတော် ယေဇူးအား စောင့်ရှောက်ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်။ 

ဟေရုဒ်မင်းကြီးဟာ သူငယ်တော်ကို ကွက်မျက်ဖို့အတွက် အသက် နှစ်နှစ်အောက်ကလေးငယ်များကို သတ်ခဲ့သည့်အချိန်တွင်လည်း ဂျိုးဇက်ဟာ မာရိယာနှင့်သူငယ်တော်ကို ညတွင်းချင်း အီဂျစ်ပြည်သို့ ခေါ်ပြေးကယ်ထုတ်ခဲ့ပါတယ်။ ထိုနောက် ဟေရုဒ်မင်းကြီး နတ်ရွာစံမှ ဂျူဒေယာပြည်ကို ပြန်လာခဲ့ပြီး နာဇရက်မြို့မှာ မိသားစုဘ၀ကို အေးအေးချမ်းချမ်း စောင့်ရှောက်လုပ်ကြွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီမှာ သူဟာ လက်သမားဂျိုးဇက်ဟူ၍ အမည်တွင်လာခဲ့ပါတယ်။ 

၁၉ရာစုအတွင်း ဆိုရှယ်လစ်လှုပ်ရှားမှု့များနှင့် ကွန်မြူနစ်လှုပ်ရှားမှု့တို့အားဖြင့် မေလ တစ်ရက်နေ့အား အလုပ်သမားနေ့အဖြစ် ပြုလုပ်ကျင်းပခြင်းအား တုန့်ပြန်သောအားဖြင့် ၁၉၅၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပီဦး (၁၂)မှ စိန်ဂျိုးဇက် အလုပ်သမားကြီးပွဲနေ့ကို မေလ တစ်ရက်နေ့သို့ ပြောင်းလဲကျင်းပစေခဲ့ပါတယ်။ သို့ဖြစ်၍ အလုပ်သမားတို့၏ စံနမူနာကောင်းကို ပြသနိုင်ရန်ဖြစ်ပါတယ်။ အမှန်တော့ စိန်ဂျိုးဇက်အား အလုပ်သမားများ၏ စံနမူနာအဖြစ် အသင်းတော်အတွင်းမှာ ဥပမာပေး သွန်သင်ထားတာတွေဟာ ရှေးအစဉ်အဆက်ကပင် ဖြစ်ပါတယ်။ အသင်းတော်၏သွန်သင်ချက်တွင် စိန်ဂျိုးဇက်ဟာ အလွန်နှိမ့်ချတတ်ပြီး အလုပ်ကို ကြိုးစားလုပ်သူ၊ မာရိယာနှင့် သူငယ်တော်အား မေတ္တာကြီးကြီးဖြင့် စောင့်ရှောက်လုပ်ကြွေးခဲ့သူဖြစ်ပြီး သစ္စာတရားကြီးမားသူလည်း ဖြစ်ပါတယ်။ 

စိန်ဂျိုးဇက်ဟာ သူ၏လက်သမားအလုပ်ဆိုင်လေးမှာ ရိုးရိုးသားသား၊ စိတ်ရှည်ရှည်နဲ့ ပျော်ရွှင်စွာ အလုပ်ကို သစ္စာရှိရှိလုပ်ဆောင်သူဖြစ်ပါတယ်။ စိန်ဂျိုးဇက်၏ လက်သမားဆိုင်လေးသည် နာဇရက်မြို့မှာတော့ နာမည်တွင်လှပါတယ်။ ထိုကြောင့် ယေဇူးခရစ်တော်သည် သူ၏ဇာတိနယ်မှာ တရားဟောသောအခါ လူတွေက တအံ့တသြဖြစ်ပြီး ဒီလူဟာ လက်သမားဆရာဂျိုးဇက်၏သားမဟုတ်လားဟု ဆိုကြပါတယ်။ မည်သည့်အလုပ်မဆို၊ မည်မျှသေးငယ်သည့်အလုပ်ဖြစ်စေ၊ ကြီးမားသည့် အလုပ်ဖြစ်စေ ကျွန်ုပ်တို့ တတွေဟာ စိန်ဂျိုးဇက်ကဲ့သို့ အလုပ်အပေါ်မှာ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်ဖို့လိုအပ်ပါတယ်။ ထိုကြောင့်လည်း အသင်းတော်ဟာ စိန်ဂျိုးဇက်အား အလုပ်သမားများ၏ စံပြနှင့် ကာကွယ် စောင့်ရှောက်သူအဖြစ် ကြေငြာပေးပြီး တနည်းတဖုံ အသင်းတော်၏သွန်သင်ချက်အား ထင်ဟပ်စေပါတယ်။ 

Thursday, February 28, 2013

ရောမမြို့၏သံတာဖရန်စက်

ပွဲနေ့ - မတ်လ (၉) ရက်နေ့
ရောမမြို့၏သံတာဖရန်စက် (၁၃၈၄-၁၄၄၀)

ခရစ်ယာန်အိမ်ထောင်ရှင်များ၏ စံပြဖြစ်သော ၁၃၈၄ခုနှစ်တွင်ရောမမြို့ ရှိမြင့်မြတ်သောမိသားစုမှမွေးဖွားခဲ့သည်။ သီလရှင် တစ်ပါးဖြစ်ချင် ခဲ့သော် လည်း မိဘကိုနာခံသောအားဖြင့် လိုရန်းဂိုပွန်ဇီယားနိုနှင့် သူမ အသက်(၁၃)နှစ်အရွယ်၌ လက်ထပ်ခဲ့ရသည်။ နှစ်ပေါင်း (၄၀)ကြာ အတူနေထိုင်ခဲ့ကြသော်လည်း နားလည်မှုလွဲမှားမှုများ ဘယ်သော အခါမှမရှိခဲ့ပေ။ သူမသည် ဆုတောင်း ခြိုးခြံခြင်း များကိုဆောက် တည်ခဲ့သည့်အပြင် ဆင်းရဲသားတို့အားကူညီခြင်း၊ ဖျားနာနေသူများ ထံလှည့်လည်သွားလာခြင်းအမှုတို့ကိုလည်းပြုခဲ့သည်။ ဂျွန်ဘပတစ်၊ အီဗန်ဂျဲလစ်နှင့် အက်နက်စ်စသော သားသမီးများမွေးဖွားခဲ့ပြီး၊ ခရစ်ယာန်ယုံကြည်ချက်များကို ငယ်ရွယ်စဉ်ကပင် သင်ကြားပေးခဲ့သည်။
ဖရန်စက်သည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးသွားသော အီဗန်ဂျဲလစ်နှင့် အက်နက်တို့အတွက် သားအငယ်ဂျွန်ကိုပြန်ပေးဆွဲခြင်းနှင့် ကြုံတွေ့ရသော ဒုက္ခဆင်းရဲခြင်းများကို ယုံကြည်ခြင်း၊ သည်းခံခြင်းဖြင့် သူမကို မထီမဲ့မြင်သောချွေးမဖြစ်သူ မိုဘီးလီယာ၏ချစ်ခြင်းမေတ္တာကို ရရှိခဲ့သည်။ ၁၄၂၅ခုနှစ်တွင် ဘုရားသခင်ကို ပူဇော်နိုင်ရန်နှင့် ဆင်းရဲသားတို့အား အစေခံနိုင်ရန်အတွက်တော်ဒေစပက်ချီ (Oblate congregation of For de Specchi) အသင်းဂိုဏ်းကို တည်ထောင်ခဲ့သည်။ ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက်၊ သူတော်စင်ဝတ်ရုံသင်္ကန်းကို လက်ခံရယူပြီး အနိမ်းကျဆုံးသီလရှင်တစ်ပါးအဖြစ် အသင်းဂိုဏ်း ၌နေထိုင်ခဲ့သည်။ ၁၄၄၀ခုနှစ်တွင်သူမသေဆုံးခဲ့ပြီးရောမမြို့ရှိ "ဆန်တာမာရီယာ နျူအိုဗာ" ဘုရားကျောင်း၌ မြုပ်နှံခဲ့သည်။

ထိုဘုရားကျောင်းအား သံတာဖရန်စက်ကို မြုပ်နှံပြီးနောက်ပိုင်းတွင် အမည်ပြောင်းလဲခဲ့ကြလေသည်။

Thursday, February 21, 2013

စိန်ပီတာ၏ပလ္လင်ခုံ

 -သင့်အား ငါဆိုသည်မှာ သင်သည်ပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို ငရဲတံခါးတို့သည် မအောင်နိုင်ရာ။ - (သံမာတေဦး ၁၆း၁၈)။

သခင်ခရစ်တော်မှ စိန်ပီတာအား အသင်းတော်၏ခေါင်းဆောင် အဖြစ် ခန့်အပ် ခဲ့သည်ကိုလည်း ပြန်လည်အောက်မေ့ သတိရကာ ကျင်းပခြင်းဖြစ်သကဲ့သို့ ခရစ်ယာန် အားလုံး၏ စည်းလုံးခြင်းအဖြစ် စိန်ပီတာ၏ ပလ္လင်ခုံသည် အဓိပာယ်ဆောင်၍ ဤပွဲတော်အား ကျင်းပခြင်း ဖြစ်ပေသည်။

 ကက်သလစ် အသင်းတော်တွင် သာသနာနယ်ပေါင်းများစွာနှင့်ဖွဲ့စည်းပြီး ထိုသာသနာနယ်များမှ ဆရာတော်များအားလုံးသည် တန်းတူအဆင့်ရှိကြသည်။ ထို့အတူ ပုပ်ရဟန်းမင်းကြီးသည်လည်း ထိုသာသနာ နယ်များစွာထဲမှ သာသနာတစ်ခုဖြစ်သည့် ရောမမြို့၏ဆရာတော်တစ်ပါး သာဖြစ်ပေသည်။ သို့သော် အားလုံးသော သာသနာနယ်များနှင့် ဘာသာဝင်တို့၏စည်းလုံးခြင်းအဖြစ် ရောမမြို့အား ဗဟိုရ်ပြု၍ ရောမမြို့၏ဆရာတော်အား (Primus inter pares) တန်းတူပုဂ္ဂိုလ်တွေထဲမှ ပထမဆုံးသူဟူ၍ ကက်သလစ်ဘာသာတစ်ခုလုံး၏ ခေါင်းဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီးဟု ခေါ်ဆိုကြခြင်းဖြစ်ပေသည်။

 ခရစ်တော်သည် စီမွန်အား ကျောက်တုံးကျောက်ဆောင်ဟု အဓိပာယ်ရှိသော ပီတာဟူသည့် အမည်ကို ပေးခဲ့ကာ ထိုကျောက်ဆောင်ပေါ်တွင် သူ၏အသင်းတော်ကို တည်ဆောက် မည်ဟု ပြောဆို ခဲ့သည့်အတိုင်း ကမ္ဘာတ၀ှမ်းလုံးရှိ သာသနာနယ်များမှ ဘာသာဝင်အားလုံး၏ ယုံကြည်ခြင်းနှင့် စည်းလုံးခြင်းအား ရောမမြို့သာသနာမှတဆင့် ကမ္ဘာကိုသိစေ ပေါ်လွင်စေပါသည်။ ယုံကြည်ခြင်းဆိုင်ရာ၊ အသင်းတော်နှင့်ဆိုင်ရာများကို ပုပ်ရဟန်းမင်းကြီးမှ တရားဝင်စကားမိန့်ဆိုသည့်အခါ သူ၏စကားသည် အသင်းတော်တစ်ခုလုံး၏သက်သေခံချက်စကားပင်ဖြစ်ပါသည်။

ရှေးဦးခရစ်ယာန်များ ကတည်းကပင် ဤပွဲတော်အား ရောမမြို့တွင် ဇန်န၀ါရီ ၁၈ရက်နေ့၊ အန်တီအို့မြို့တွင် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့များတွင် ကျင်းပလာခဲ့ကြသည်။ ထိုပွဲအား ကျင်းပလေတိုင်း စိန်ပီတာကိုယ်တိုင် အသုံးပြုခဲ့သော ထိုင်ခုံပလ္လင်အား ဂါဝရပြုလေ့ရှိသည်။ ရှေးထုံးကို မပယ်သော အသင်းတော်အနေဖြင့် ထိုရှေးဦးခရစ်ယာန်တို့၏ ဓလေ့ထုံးတမ်းအတိုင်း ထိုပွဲတော်အား ယနေ့ထိတိုင် ကျင်းပပါသည်။ ယနေ့ အသင်းတော်၏ ၀တ်ပြုကိုးကွယ်ရာ ပြကဒိန်တွင် ဤပွဲနေ့အား ဖေဖေါ်ဝါရီ ၂၂တွင် ထည့်သွင်းကျင်းပလေသည်။ 

ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆)က ဤပွဲတော်အား ကျင်းပရခြင်းမှာ အသင်းတော်တစ်ခုလုံးအား စည်းစည်းလုံးလုံးနှင့် ကယ်တင်ခြင်းလမ်းစဉ်သို့ လမ်းပြဦးဆောင်လိုသော ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၏ အထူးအမှတ်လက္ခဏာအား လက်ခံအသိမှတ်ပြုဖို့ပင်ဖြစ်ပါသည် ဟုမိန့်ဆိုခဲ့လေသည်။
ထိုကြောင့် ယနေ့စိန်ပီတာ၏ပလ္လင်ခုံပွဲသည် တကမ္ဘာလုံးရှိ အသင်းတော်အား စုရုံးစည်းလုံးစေရန် ဖိတ်ခေါ်လိုက်ခြင်းပင်ဖြစ်ပါသည်။ သာသနာနယ်တိုင်းရှိ ကက်သီဒြရယ်ကြီးများသည် ဤပွဲတော်အား မီးမောင်းထိုးပြသကဲ့သို့ ရောမမြို့ရှိသာသနယ်၌ ဗဟိုရ်ပြုကြောင်းကိုလည်း အသိမှတ်ပြုထားပေသည်။ 

မနောအောင်